Sep 05

Qantas

ဇူလိုင် ၂၅ ရက်နေ့က မနီလာတွင် ဆင်းသက်ခဲ့သော Qantas Boeing 747 လေယာဉ်တွင် ရုတ်တရက် လေဖိအား လျှော့ကျမှုဖြစ်ပေါ်ခဲ့ခြင်းသည် အလွန်ထူးခြားသော ဖြစ်စဉ်တစ်ခုဖြစ်ပေသည်။ ကံကောင်းသည်မှာ ခရီးသည်တင် ဂျက်လေယာဉ်များတွင် ကိုယ်ထည်ကွဲအက် လေ၀င်ခြင်း ဖြစ်လေ့ဖြစ်ထမရှိခြင်းပင်ဖြစ်သည်။ ထိုသို့ ဖြစ်ခဲ့ပါကလည်း တံခါးပေါက်များကဲ့သို့သော နေရာများတွင်သာ ဖြစ်လေ့ရှိပြီး ယခု Qantas လေယာဉ်တွင် ဖြစ်သကဲ့သို့ ရှေ့ပိုင်း ကုန်တင်ခန်းအတွင်းတွင် ဖြစ်လေ့မရှိပေ။

လေယာဉ်များတွင် ရုတ်တရက် လေဖိအားလျော့ကျမှုဆိုသည်မှာ ကြားပင်မကြားဖူးသောအဖြစ်အပျက်ဖြစ်ကာ Qantas ခရီးသည်များအတွက်တော့ ထိုအချိန်သည် ကမ္ဘာပျက်သကဲ့သို့ ခံစားခဲ့ကြရသည်။

လေယာဉ်တွင်း ရုတ်တရက် လေဖိအားလျော့ကျပါက မည်သို့ဖြစ်သနည်း? ပြင်ပမှလေများ လေယာဉ်ကိုယ်ထည်အတွင်းသို့ ရုတ်တရက် တစ်ဟုန်ထိုး ၀င်လာခြင်းကြောင့် ဖိအားများ သိသိသာသာ လျော့ကျသွားပါက သင့်အနေဖြင့် မိုးမျှော်တိုက်ကြီးတစ်ခုအတွင်း ဒုံးကျည်တမျှ မြန်ဆန်လှသည့် ဓါတ်လှေကားဖြင့် အထက်သို့ တက်နေသကဲ့သို့ ခံစားရပေလိမ့်မည်။ နားအူလာကာ အလွန်အမင်း နာကျင်လာလိမ့်မည်။ သင့်အနေဖြင့် ယာယီအားဖြင့် အကြားအာရုံချို့ယွင်းသွားနိုင်သော်လည်း အများအားဖြင့်တော့ ပြင်းထန်လှခြင်းမရှိပေ။

တစ်ချိန်တည်းတွင် လေယာဉ်သည်လည်း အမြင့်မှ အရှိန်နှင့် ထိုးကျသကဲ့သို့ ဖြစ်လိမ့်မည်။ သို့သော် ထိုသို့ထိုးဆင်းနေခြင်းသည် သတင်းကောင်းတစ်ရပ်ပင်ဖြစ်သည်ဟု Boeing ကုမ္ပဏီမှ လေကြောင်းလုံခြုံရေးသုတေသီဟောင်းနှင့် အင်ဂျင်နီယာတစ်ဦးဖြစ်သူ Todd Curtis က ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ထိုးကျနေခြင်းသည် လေယာဉ်မှူးများအနေဖြင့် လူများ ရှူရှိုက်နိုင်လောက်သည့် ပြင်ပမှ လေများ ၀င်နိုင်စေရန် လေယာဉ်အား နိမ့်နိုင်သမျှနိမ့်အောင် ကြိုးစားနေသည်ဆိုသည့် သင်္ကေတပင်ဖြစ်ပေသည်။ ယင်းသည် လေယာဉ်အား ဆန်းဆန်းပြားပြား ကိုင်တွယ်မောင်းနှင်နေသကဲ့သို့ ထင်ရကြောင်း၊ ပုံမှန် ပျံသန်းမှုနှင့် နှိုင်းယှဉ်ပါက ထူးခြားလှသော်လည်း ယင်းသည် ပုံမှန် လုပ်နည်းတစ်ခုပင်ဖြစ်ကြောင်း Curtis က ပြောကြားခဲ့သည်။

Oxygen Mask

ထိုသို့ ထိုးဆင်းနေချိန်တွင် လေယာဉ် မျက်နှာကျက်များမှ အောက်ဆီဂျင် မျက်နှာဖုံးများ သေချာပေါက် ကျလာပေလိမ့်မည်။ ယင်းသည်လည်း နိမိတ်ဆိုးတစ်ခုသဖွယ် ထင်ရပေလိမ့်မည်။ သို့သော်လည်း သင့်အနေဖြင့် ကျန်းမာရေးကောင်းသူဖြစ်ပါက ထိုမျက်နှာဖုံးများ မတပ်ဆင်လျှင်လည်း အသက်အန္တရာယ် မရှိနိုင်ပေ။ သတိလစ် မူးမေ့သွားခြင်းထက် ပိုမိုဆိုးရွား၍ ဖြစ်နိုင်စရာမရှိဟု Curtis က ဆိုသည်။

ထို့ပြင် ထိုမျက်နှာဖုံးများသည်လည်း ၁၀ မိနစ် သို့မဟုတ် ၁၅ မိနစ်စာမျှသာ အောက်ဆီဂျင် ပေးနိုင်ပေသည်။ ယင်းမျက်နှာဖုံးများသည် လေယာဉ် အနိမ့်ပိုင်းသို့ မရောက်ခင်စပ်ကြား အကူအညီမလိုပဲ အလွယ်တကူ အသက်ရှုနိုင်ခြင်းဖြင့် သက်သောင့်သက်သာ ရှိစေရန်အတွက် သက်သက်သာ ဖြစ်ပေသည်။ အရေးအကြီးဆုံးအချက်မှာ လေယာဉ်မှူးများအနေဖြင့် အလျှင်ဆုံး မျက်နှာဖုံးစွပ်နိုင်ရန်နှင့် သင်တို့ မျက်နှာဖုံးစွပ်နိုင်သည်ထက် များစွာ ပိုမိုမြန်ဆန်သော နှုန်းဖြင့် မျက်နှာဖုံးစွပ်တတ်အောင် လေ့ကျင့်ထားပြီးဖြစ်ရန်ပင် ဖြစ်ပေသည်။ ထိုအချိန်တွင် သင့်အနေဖြင့် သတိလစ် မေ့မြောသွားရန် စက္ကန့်ပိုင်းမျှသာ အချိန်လိုသဖြင့် အခြား မည်သူ့ကိုမျှမကူညီခင် ကိုယ်တိုင် အောက်ဆီဂျင်မျက်နှာဖုံး အလျှင်စွပ်ထားရမည်ဖြစ်ပေသည်။

ထို့ပြင် ထိုအချိန်တွင် ၀င်လာသော လေအတွင်း မီးခိုးကဲ့သို့အရာများ မြင်ရသည်မှာလည်း ပုံမှန်ပင် ဖြစ်ပေသည်။ တကယ်တော့ ယင်းမီးခိုးများသည် ရုတ်တရက် လေဖိအားအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာသော မှိုင်း သို့မဟုတ် မြူခိုးများသာ ဖြစ်ပေသည်။

လေယာဉ်အနေဖြင့် ထိုသို့သော သဘာဝမကျလှသော ပုံစံဖြင့် အချိန်အတန်ကြာ ဆက်လက် ရွေ့လျားနေပေလိမ့်မည်။ မျက်နှာကျက်မှ အောက်ဆီဂျင်မျက်နှာဖုံးများ တန်းလန်းကျနေသော်လည်း ခရီးသည်များအနေဖြင့် အတန်အသင့် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက်ရှိနေနိုင်သည်ဆိုသည်ကို Qantas လေယာဉ်အတွင်း ရိုက်ယူထားသည့် ရုပ်သံမှတ်တမ်းများအရ သိရှိနိုင်ပေသည်။ လေယာဉ်အတွင်း လေဖိအားလျော့ကျမှုသည် ကြောက်ရွံ့ဖွယ် ကောင်းသော်လည်း ကျော်လွှားနိုင်သော ဘေးအန္တရာယ်မျှသာ ဖြစ်ပေသည်။

Ref: www.time.com, “How to Survive Plane Decompression” by Amanda Ripley

written by Stanley \\ tags: , , ,